Thursday, August 2, 2012

ခန္တီတရားနှင့်ဆရာတော်ကြီးများ (အပိုင်း-၁) "ဝေဘူဆရာတော်ကြီး"

ဝေဘူဆရာတော်ကြီး
                   “သည်းခံခြင်းဆိုတာ နေရာတိုင်းမှာ ပစ္စုပ္ပန် သံသရာနှစ်ဖြာ နေရာတိုင်းမှာ  နေရာကျတာဗျာ။ အခုလည်း ချမ်းသာချင်ရင် သည်ဟာ လုပ်ကြ၊ နောက်ချမ်းသာချင်ရင် သည်ဟာ လုပ်ကြ။ အခုလောကကြီးမှာ ဘာပြီးချင်သလဲ၊ ဘာလုပ်ချင်သလဲ။ လုပ်ချင်ရင် သည်ဟာကိုပဲ သည်းခံခြင်းကိုပဲ လုပ်။ နောင်သံသရာမှာ ပြီးချင်ရင်လည်း အဲဒါပဲ လုပ်ကြ”
                        မျက်မှောက်ခေတ် ပဋိပတ္တိသာသနာဝင်တွင် နေလို လလို ထင်ရှားခဲ့သော ဆရာတော်ဘုရားကြီးသည် “ခန္တီတရား” ကို ဆောင်ကြရမည်ဖြစ်ကြောင်း ဟောကြားတော်မူလေ့ရှိပါသည်။ ရဟန္တာဟု ကျော်ကြားတော်မူသော ဆရာတော်ကြီးသည် သတ္တဝါ ဝေနေယျတို့အား ခန္တီတရားကို ဆောင်ရန် တိုက်တွန်းဆုံးမတော်မူ သကဲ့သို့ ကိုယ်တိုင်လည်း ခန္တီတရားကို အထူးဆောင်တော်မူပါသည်။
                   တစ်ခါက ဆရာတော်ဘုရားကြီး အသုံးပြုတော်မူရန် ဒကာတစ်ဦးက အဖိုးတန် ကော်ဇောတစ်ချပ်ကို လာရောက်လှူဒါန်းသည်။ ထိုနေ့ညတွင် သူခိုးက ကျောင်းပေါ်သို့ တက်လာပြီး ဆရာတော်ကြီးအား ကန်တော့ပါသည်။ ထို့နောက် သူ့တွင် ပါလာသော ပုဆိုးကို ဖြန့်ခင်း၍ ဆရာတော်ကြီးအား ကော်ဇောပေါ်မှ ပုဆိုးပေါ်သို့ ကြွတော်မူရန် လျှောက်ထား၏။ ဆရာတော်ကြီးသည် ကော်ဇောပေါ်မှ ပုဆိုးပေါ်သို့ ကြွရောက်၍ သီတင်းသုံးတော်မူ၏။ သူခိုးမှာ ကော်ဇောကို ခေါက်ယူပြီးနောက် ကော်ဇောခင်းခဲ့သောနေရာသို့ ပြန်ကြွရန် လျှောက်ထားပြန်ရာ ဆရာတော်ကြီးမှာ မည်သို့မျှ အမိန့်ရှိတော်မမူဘဲ(သူခိုးပြောသည့်အတိုင်း) ပြန်ကြွတော်မူ၏။ သူခိုးက သူ၏ လုံချည်ကို ပြန်ယူပြီး ဆရာတော်ကြီးအား ဝတ်ဖြည့်၍ ကျောင်းပေါ်မှ ဆင်းသွားတော့၏။
                   တစ်ညတွင်လည်း ဆရာတော်ကြီး၏ကျောင်းမှ တိုင်ကပ်နာရီကို သူခိုးက ဖြုတ်ယူပြီး ပြန်ထွက်ရန် ပြင်ဆင်ဆဲ ဆရာတော်ကြီး ဗြုန်းခနဲ ပေါ်လာပါသည်။ သူခိုးလည်း ဗြုန်းခနဲ ပူထူပြီး ထွက်ပြေးရန် ထွက်ပေါက် ရှာရာ မတွေ့ဘဲ ယောင်လည်လည်း ဖြစ်နေ၏။ ဆရာတော်ကြီးက . . .
                   “ဟဲ့ ဒကာ၊ ဘာရှာသတုံး”
                   “ထွက်ပေါက် ရှာတာပါ ဘုရား”
                   ဆရာတော်ကြီးက ကရုဏာဖြင့် - “ဒုက္ခပါပဲ၊ နင့်နှယ်ဟယ်”
ဟု ဆိုပြီးထွက်ပေါက်ကို ပြပေး၏။ ထိုနေ့ညက သူခိုးအပေါ် ဒေါသထွက်နေကြသော ဒကာများကို ဒေါသ၏ဆိုးရွားပုံနှင့် သည်းခံကျင့်သုံးမှ လမ်းမှန်ကို တွေ့နိုင်ကြောင်း ဆရာတော်ကြီးက ခပ်တိုတို၊ ခပ်ပြတ်ပြတ် ဟောပြော ဆုံးမတော်မူခဲ့ပါသည်။

**ဆက်ရန်**
ခန္တီတရားနှင့်ဆရာတော်ကြီးများ (အပိုင်း-၂) "ပခုက္ကူ သဲပုံစေတီဆရာတော်ကြီး"

***ကောက်နုတ်ချက်***
မင်းနန်(မော်ကျွန်း)
နတ်၌ဖြစ်သောရနံ့သင်းပျံ့သော ဆရာတော်ကြီးများ  (နှာ ၂၄-၂၅)

Ye Win Tun
Friday, August 03,2012         11:26 am facebook မှကူးယူဖော်ပြသည်

No comments:

Post a Comment

ပရိတ်ကြီး၁၁သုပ်

ကြာနီကန်ဆရာတော်ကျောင်းအစ်မကြီးဝိသာခါ၂

ကျောင်းအမကြီး ဝိသာခါ 1

ပဋ္ဌာန်း တရားတော် 1

ပဋ္ဌာန်း တရားတော် 2